PRESIDENT’S SPEECH

    You Here!
  • Home
  • PRESIDENT’S SPEECH

PRESIDENT’S SPEECH

ဥယျောဇဥ်

MPTA အသင်းအနေဖြင့် မြန်မာ့သက်မွေးပညာရေး ကဏ္ဍတွင် ထူးထူးခြားခြား တိုးတက်အောင်မြင်မှုများရရှိအောင် ဆောင်ရွက်နိုင်မှုများ နှင့်အတူ MPTA အသင်း၏ (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပနိုင်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ရမည့် အချိန်အခါဖြစ်ပါသည်။ MPTA အသင်းကို ၂၀၁၄ ခုနှစ်တွင် ပုဂ္ဂလိက TVET ကျောင်းများ နှင့် ကျွမ်းကျင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စတင်တည်ထောင်ခဲ့ပြီး ဆယ်စုနှစ်တာ ကာလအတွင်း ချမှတ်ထားသော ရည်ရွယ်ရာပန်းတိုင်များဆီသို့ တစ်စိုက်မတ်မတ် လျောက်လှမ်းနိုင်ခဲ့ကြပါသည်။ ဤ ဆယ်နှစ်တာကာလအတွင်း ရရှိခဲ့သော အောင်မြင်မှုများ သည် MPTA အဖွဲ့ဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များ၏ စွမ်းဆောင်ရည်ရှိမှု နှင့် မဆုတ်မနစ် ကြိုးပမ်း အားထုတ်ခဲ့မှုများအတွက် သက်သေ ဖြစ်ပါသည်။

MPTA အသင်းအား စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံ၏ သက်မွေး ပညာရေး အခင်းအကျင်းကို ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ရာ သက်မွေးပညာ နှင့် ကျွမ်းကျင်မှု ဆိုင်ရာ ဥပဒေများနှင့် မူဝါဒများ ရေးဆွဲခြင်း၊ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းရေးဆွဲခြင်း၊ အမျိုးသား ကျွမ်းကျင်မှုစံနှုန်းများ သတ်မှတ်ခြင်း၊ ကျွမ်းကျင်မှု အခြေပြု သင်ရိုးများ ပြုစုရေးဆွဲခြင်း၊ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ခြင်းနှင့် ကျွမ်းကျင်မှု ပြိုင်ပွဲကျင်းပခြင်း၊ Forum များကျင်းပခြင်း စသည်တို့တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် သက်မွေးပညာ ကဏ္ဍ၏စံနှုန်းများကို မြှင့်တင် ပေးရုံသာမက မြန်မာ့လှုမှုအသိုက်အဝန်းအတွင်း သက်မွေးပညာရေးအပေါ် အသိအမှတ်ပြုမှုနှင့် တန်ဖိုးများကို မြှင့်တင်နိုင်ခဲ့သည်ဟု ယုံကြည်ပါသည်။

ထို့အပြင် သက်မွေးပညာ ရပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဆရာ ဆရာမများနှင့် ကျွမ်းကျင်ပညာရှင်များ အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန်လည်း ဆောင်ရွက်ခဲ့ပါသည်။ ဒေသ အသီးသီး၌ လူထုအခြပြု သက်မွေးပညာကျွမ်းကျင်မှု စီမံကိန်းများဆောင်ရွက်ခြင်းအားဖြင့်လည်း လူမှုအသိုက် အဝန်းကြား သက်မွေးပညာ၏ အရေးပါမှုကို ပိုမိုသတိပြုမိစေခဲ့ပြီး သက်မွေးပညာရပ်များသည် အလုပ်အကိုင် အခွင့်အလမ်းနှင့် ရေရှည်တည်တံ့သော လှုမှုစီးပွားရေးတိုးတက်မှုဆီသို့ ပို့ဆောင် ပေးနိုင်ကြောင်းကိုလည်း သိရှိစေနိုင်ခဲ့ပါသည်။ ယခုနှစ်မှစ၍ MPTA အသင်းနေဖြင့် သက်မွေးပညာ ဖွံ့ဖြိုးတိုးတက်ရေး ထူးချွန်စွာ ဆောင်ရွက်နိုင်သူများကို အသိအမှတ်ပြုဆုများ ချီးမြှင့်ပေးအပ်နိုင်ခြင်းသည်လည်း သက်မွေးပညာဆိုင်ရာ လူ့စွမ်းအားရင်းမြစ်များ ရှိနေကြောင်း ဖော်ညွှန်းပြနိုင်သည့် ဂုဏ်ယူဖွယ်ရာလည်းဖြစ်ပါသည်။

MPTA အသင်းအနေအား လာမည့်ဆယ်စုနှစ်များစွာအထိ တည်တံ့နိုင်ရေးအတွက် အရေးကြီးသော ကဏ္ဍများ ဖြစ်သည့် ဘဏ္ဍာရေးတောင့်တင်းမှု၊ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ခိုင်မာမှု၊ မိတ်ဖက်အင်အားစုစည်းမှု၊ သုတေသနနှင့် နည်းပညာ အားကောင်းမှုစသည့် ကဏ္ဍများအား ပိုမိုအားကောင်း ခိုင်မာလာစေရေး ဆောင်ရွက် သွားရမည်ဖြစ်သည်။ နိုင်ငံတစ်ဝှမ်းရှိ မတူကွဲပြားသော profession အမျိုးမျိုးသော အသင်းဝင်များ၏ အင်အား အပေါ် အခြေခံလျက် ကျယ်ပြန့်သော သက်မွေးပညာရပ်များကို MPTA အသင်း အနေဖြင့်ကိုယ်စားပြုကာ သက်မွေး ပညာရေးကဏ္ဍကို ပိုမိုအားကောင်းလာစေမည့် မူဝါဒများ ဖြစ်ပေါ်လာရေးအတွက် လှုံ့ဆော်အားပေး ဆောင်ရွက်နိုင်သည့် အနေအထားကို ရရှိရန်လည်း လိုအပ်ပါသည်။ တစ်ချိန်တည်း မှာပင် အာဆီယံ ဒေသတွင်း TVET ကွန်ရက်များနှင့် ထိတွေ့ဆက်ဆံမှုကို ချဲ့ထွင်ရန်နှင့် ဆန်းသစ်တီထွင်မှု၊ တိုးတက်မှုတို့ကို တွန်းအားပေးနိုင်သည့် အလေ့အကျင့်ကောင်းများ မျှဝေနိုင်ရန်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။

ယခုအချိန်တွင် ကျွန်ုပ်တို့သည် သက်မွေးပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်တည်ချက် ခိုင်ခိုင်မာမာရှိသော မျှော်မြင်ဆောင်ရွက်နိုင်သော အသင်းအဖွဲ့တစ်ခုကို ဖန်တီးနိုင်ပြီဟု ဆိုနိုင်ပါသည်။ အသင်းဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများနှင့် သက်မွေးပညာ အသိုက်အဝန်းတွင် ပါဝင်ကြသူများ၏ စုပေါင်းအားထုတ်မှုမရှိဘဲ ယခုကဲ့သို့ MPTA အသင်းအနေဖြင့် ဆယ်စုနှစ် တစ်ခုကြာ ရပ်တည်နိုင်ရန် ဖြစ်နိုင်မည် မဟုတ်ပါ။ ထိုအတွက်ကြောင့် ကျေးဇူး ဥပကာရ အထူးပင်တင်ရှိကြောင်း ဖေါ်ပြလိုပါသည်။ ကျွန်ုပ်တို့သည် ထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်သော ဤဆယ်နှစ်ပြည့် အခါသမယတွင် အသင်း၏ အောင်မြင်မှုများကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပြန်လည်သုံးသပ်နိုင်သလို ကြုံတွေ့လာမည့် အခွင့်အလမ်း များနှင့် စိန်ခေါ်မှုများစွာကိုလည်း မျှော်တွေးကြည့်နိုင်ပါသည်။ သက်မွေးပညာရေးသည် မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် အထူးအရေးပါသည့်ကဏ္ဍ၌ ရှိနေပြီး ကျွန်ုပ်တို့၏ MPTA အသင်းသည် မြန်မာနိုင်ငံအတွက် ခွန်အားဖြစ်သော မျိုးဆက်များ၏ စွမ်းဆောင်ရည်များကို ပုံဖော်နိုင်ရန် ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ဆက်လက် ရပ်တည်သွားမည်ဖြစ်ပါသည်။

ဦးအေးမင်းမင်း
ဥက္ကဌ
မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာ အသင်း