
Connect Career Development: Resources and Counselling Launch
မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း Myanmar Private TVET Association (MPTA) မှ ကြီးမှူး၍ “Connect Career Development: Resources and Counselling Launch” အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ (တနင်္ဂနွေနေ့) တွင် Summit Parkview Hotel ၌ မနက် ၉း၀၀နာရီမှ နေ့လည် ၁၂း၀၀ နာရီ အထိ အောက်ပါအစီအစဉ်များအတိုင်း အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
MPTA ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအေးမင်းမင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဦးသက်ဝင်းထွန်း Project Manager – GIZ မှ အမှာစကားပြောကြားခဲ့ပါသည်။ ဒေါ်ယဉ်ယဉ်အေး Project Co-Leader, MPTA မှ “The Project Journey: Collaboration & Vision” ခေါင်းစဉ်ဖြင့် စီမံကိန်း၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် ရလဒ်များအကြောင်းရှင်းလင်းတင်ပြခဲ့ပါသည်။ ဆရာထွန်းလွင်ဦး မှ “Occupational Self-Assessment Application and Career Guidance Manual” နှင့် ပတ်သက်သော အကြောင်းအရာများကို ဝေမျှဆွေးနွေးပေးခဲ့ပါသည်။ MPTA ၏ ဒုတိယဥက္ကဋ္ဌ ဒေါ်သွေးသွေးမောင် မှ MPTA’s Vision for a Sustainable Future: Implementing Nationwide Career Development” ခေါင်းစဉ်ဖြင့် Career Development အတွက် ရှေ့ဆက်လုပ်ဆောင်သွားမည့် MPTA ၏ ရည်မှန်းချက် နှင့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ပါတယ်။ လူငယ်လူရွယ်များ မိမိတို့ရွေးချယ်မည့် အသက်မွေးဝမ်းကျောင်းသည် မိမိတို့နှင့် ကိုက်ညီမှုရှိရန်အတွက် Occupational Self-Assessment (OSA) App အသုံးပြုမှုနှင့် career counselling ဝန်ဆောင်မှုများ နိုင်ငံအနှံ့အပြားတွင် ရရှိလာအောင် MPTA အဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အလှူရှင်များ ပူးပေါင်းဆောင်ရွက်ကြရန်ဖိတ်ခေါ်ခဲ့ပါသည်။
ယခု လောလောဆယ်တွင် Career Counsellor ဦးရေ ၂၀ ကျော်မွေးထုတ်ထားပြီး OSA App အသုံးပြုသူ ၁၆၀၀ ကျော် ရှိနေပြီး ဖြစ်ကြောင်း၊ မိမိအတွက်သင့်တော်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာများကို သိရှိလိုသူ မည်သူမဆို MPTA ၏ website ဖြစ်သော www.mptvet.org တွင် အခမဲ့ ဝင်ရောက် စစ်ဆေးလို့ ရပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် Career Counsellor တစ်ဦး၏အတွေ့အကြုံနှင့် သဘောထားအမြင်များကို ဒေါ်ဝေဝေတင့် (Co Founder, FEG Vocational College) မှ မျှဝေပေးခဲ့ပါသည်။
တက်ရောက်လာသူများကလည်း မေးခွန်းများမေးမြန်းခြင်း အကြံပြုချက်များ ပြောကြားခြင်းဖြင့် စိတ်ဝင်တစား ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ MPTA’s Partner Organizations များမှ ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ရှိ MPTA အသင်းဝင် ဆရာ၊ ဆရာမများ၊ MPTA မှ လေ့ကျင့် သင်ကြားပေးခဲ့သော Career Counsellor များ တက်ရောက်ခဲ့ကြပြီး နယ်များမှ MPTA အသင်းဝင်များကလည်း Zoom အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။