TVET Excellence Award 2025 ချီးမြှင့်ခြင်း
မြန်မာနိုင်ငံသက်မွေးပညာ ဖွံ့ဖြိုးရေးကဏ္ဍတွင် ထူးချွန်စွာဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်များအား ဂုဏ်ပြု ချီးမြှင့်သော TVET Awards 2025 ကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ တနဂ်နွေနေ့တွင် ရန်ကုန်မြို့၊ Zealex Hotel တွင် ဂုဏ်ယူဝမ်းမြောက်စွာ ချီးမြှင့်ခဲ့ပါသည်။
TVET Excellence Award 2025 (သက်မွေးပညာဖွံ့ဖြိုးရေး တစ်နှစ်တာ ထူးချွန်ဆု) ကို ပေးအပ်ရခြင်း ရည်ရွယ်ချက်များမှာ
မြန်မာနိုင်ငံတွင် သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ နယ်ပယ်၌ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ထူးချွန်စွာ ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များကို နှစ်စဉ် ဂုဏ်ပြုရန်
သက်မွေးပညာကဏ္ဍ၏ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းများ၏ အရည်အသွေးမြှင့်တင်ရေး နှင့် လူမှုအသိုင်းအဝန်းကို ကူညီထောက်ပံ့နိုင်ရေး လှုံ့ဆော်ပေးရန်
သက်မွေးပညာရေးသည် လူမှု စီးပွားဘဝ အောင်မြင်မှုအတွက် ပထမတန်းစား ပညာရေးဖြစ်ကြောင်း ထင်ရှားစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပေးအပ်သော ဆုဖြစ်သည်။
အထိမ်းအမှတ်ဆုပစ္စည်းများ ဖန်တီးပြုလုပ်ရာတွင် မြန်မာနိုင်ငံတွင်သာ ထွက်ရှိသော ကျွန်းသစ်နှင့် ကျောက်စိမ်းတို့ကို အဓိက အစိတ်အပိုင်းများအဖြစ် အသုံးပြုထားပြီး သတ္တုများကိုလည်း ပေါင်းစပ်အသုံးပြုထားပါသည်။
ယင်းပစ္စည်းများတွင် ရွှေချည်ထိုးနှင့် ယွန်းထည်တို့ကိုလည်း အသုံးပြုထားပြီး မြန်မာ့ရိုးရာ လက်မှုပညာနှင့် ခေတ်မှီ စက်မှုနည်းပညာတို့ကို ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်ပါသည်။ အထိမ်းအမှတ်ဆုပစ္စည်းတစ်စုံ၏ ကာလတန်ဖိုးမှာ ငွေကျပ် (၁၃) သိန်းခန့် ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်အတွက် TVET Excellence Award 2025 ကို ဆရာမ ဒေါ်ရွှေယမင်းဦး, CEO & Co-founder, RecyGlo & Co-founder of SheWorks Vocational Training Program အား ဂုဏ်ယူစွာ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
TVET Excellence Award 2025 ဆုချီးမြှင့်ခံရသူ ဆရာမဒေါ်ရွှေယမင်းဦး ၏ ကိုယ်ရေးအကျဉ်းနှင့် အောင်မြင်မှုများကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဖော်ပြလိုက်ပါသည်။
ဆရာမဒေါ်ရွှေယမင်းဦးသည် နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ၏ စီးပွားရေးအင်အားမြှင့်တင်ရေးကို အဓိကထား ဦးဆောင်နေသူဖြစ်ပါသည်။ RecyGlo ၏ CEO နှင့် ပူးတွဲတည်ထောင်သူအဖြစ် မြန်မာနိုင်ငံ၏ ဦးဆောင်သော Circular Economy အခြေပြု အမှိုက်စီမံခန့်ခွဲရေး ပလက်ဖောင်းကို တည်ထောင်နိုင်ခဲ့ပါသည်။ RecyGlo သည် Accelerating Asia (Singapore)، Katapult Ocean Accelerator (Norway) နှင့် MaGIC (Malaysia) တို့အပါအဝင် နိုင်ငံတကာအဆင့်ရှိ အရှိန်မြှင့်အစီအစဉ်များတွင် ရွေးချယ်ခံရသော ပထမဆုံး မြန်မာ Startup ဖြစ်ပါသည်။
၂၀၂၄ ခုနှစ်တွင် သူမသည် အခွင့်အလမ်းနည်းပါးသော အမျိုးသမီးများအတွက် ကျွမ်းကျင်မှုကွာဟမှုကို ဖြည့်ဆည်းပေးရန် SheWorks Vocational Training Program ကို ပူးတွဲတည်ထောင်ခဲ့ပါသည်။
SheWorks မှတစ်ဆင့် အမျိုးသမီး ၅၀၀ ကျော်ကို သင်တန်းပေးနိုင်ခဲ့ပြီး သင်တန်းပြီးမြောက်နှုန်း ၉၈% ရရှိခဲ့ပါသည်။
သင်တန်းများတွင် စိုက်ပျိုးရေး၊ Mushroom Cultivation၊ လက်ဝတ်ရတနာပြုလုပ်ခြင်း၊ Hair & Beauty နှင့် Hospitality စသည့် အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုများ ပါဝင်ပါသည်။
ထို့အပြင် ASEAN Foundation နှင့် Maybank Foundation တို့နှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံ ချင်းမိုင်တွင် Green Roots Eco-Tourism Project ကို အကောင်အထည်ဖော်ကာ အမျိုးသမီးများအား တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနှင့် Green Entrepreneurship ကျွမ်းကျင်မှုများဖြင့် အားပေးထောက်ပံ့ခဲ့ပါသည်။
သူမ၏ လုပ်ဆောင်မှုများကြောင့် ASEAN Startup Awards (Edition 9) တွင် Founder of the Year အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။
ထို့အပြင် Myanmar Startup Challenge 2017 အနိုင်ရရှိသူဖြစ်ပြီး Women of the Future Awards Southeast Asia (2019) တွင်လည်း Nominee အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။
ပညာရေးအရ University of Computer Studies, Yangon မှ Computer Science ဘွဲ့နှင့် Business Management Diploma ကို ရရှိထားပြီး TVET Development Institute (MPTA) တွင် Assessor Skill Training ကို ပြီးမြောက်ခဲ့ပါသည်။ လက်ရှိတွင် Master of Sustainable Entrepreneurship and Social Innovation ကို ဆက်လက် လေ့လာနေပါသည်။
ဆရာမဒေါ်ရွှေယမင်းဦး သည် နည်းပညာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတို့ကို ပေါင်းစပ်ကာ မြန်မာနိုင်ငံအတွက် ပိုမိုပါဝင်နိုင်မှုရှိပြီး ခိုင်မာသော အနာဂတ်တစ်ခုကို တည်ဆောက်လျက်ရှိသူ ဖြစ်ပါသည်။
TVET Excellence Award 2025 ဆု ရရှိခဲ့သူ ဆရာမဒေါ်ရွှေယမင်းဦး ကို မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း MPTA မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ၎င်းဆုသည် မြန်မာနိုင်ငံတွင် သက်မွေးပညာဖွံ့ဖြိုးရေးကို အနာဂတ်တွင် ဆက်လက်တိုးတက်ပွားများအောင် လုပ်ဆောင်နိုင်ရေးအတွက် အဓိကအခန်းကဏ္ဍဖြစ်လာလိမ့်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။